MCC

ကောင်စီအစ


ခရစ်ယာန်ကောင်စီဆိုသည်မှာ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများတို့၏ အဖွဲ့ ချုပ်၊ အသင်းချုပ်မဟုတ်ပေ။ သက်ဆိုင်ရာ အသင်းတော်များအသင်းအဖွဲ့များအတူတကွ စုဝေးတိုင်ပင်နိုင်ရန် နှင့်အားလုံးတို့အတွက် အကျိုးတူလုပ်ငန်းများ ဖော်ထုတ်ကြရန်အတွက် စုစည်းထားသော အဖွဲ့တစ်မျိုးဖြစ် သည်။ ဤအဖွဲ့မျိုးကို ကောင်စီဟု ခေါ်ပါသည်။ ကောင်စီတွင် ပါဝင်ကြသောအသင်းတော်နှင့် အသင်းအဖွဲ့များ အတွက် ဥပဒေပြုပြဌာန်းနိုင်သော အခွင့်အာဏာမရှိပါ။

ကောင်စီများကို ထူထောင်ဖွဲ့စည်းရခြင်းသည် ခရစ်ယာန်အသင်းတော်များနှင့် ခရစ်ယာန်သာသနာ၏ အကျိုးအတွက်လည်းကောင်း၊ အခြားဘာသာဝင်များအားလုံးအကျိုးအတွက်လည်းကောင်း ခရစ်ယာန်များ စုပေါင်းလက်တွဲလုပ်ဆောင်ကြရန် ဖွဲ့စည်းကြခြင်းဖြစ်ပါသည်။

အစဦးတွင် ခရစ်ယာန်သာသနာပြုအဖွဲ့များ၊ ကမ္ဘာကိုသာသနာပြုရာတွင် ကြုံရသောအခက်အခဲ ပြဿနာများ ဖြေရှင်းရန်နှင့် အနာဂတ်သာသနာအတွက် ပြေပြစ်မှုရှိစေရန်ဖြစ်ပါသည်။ သာသနာပြုများ အချင်း ချင်းညီညွတ်ကြရန် တိုင်ပင်သည့်ဌာနတစ်ခုသဖွယ် ဖြစ်ပါသည်။ သာသနာပြုပုဂ္ဂိုလ်များ သာသနာ့လုပ်ငန်းခွင် ထဲတွင် ကြုံတွေ့ရသောပြဿနာများကို အားလုံးမျက်နှာစုံညီတွေ့ဆုံဆွေးနွေးကြပြီး အတူတကွအဖြေရှာနိုင် သော နေရာကား ကောင်စီများသာဖြစ်ပါသည်။

ဤကဲ့သို့သော ကောင်စီဖွဲ့စည်းမှုကို ကမ္ဘာ့အတိုင်းအတာနှင့်သာမက နိုင်ငံတစ်ခုစီအတိုင်းအတာနှင့် လည်း ဖွဲ့စည်းအပ်သည်ဟု နားလည်လာကြသည်နှင့်အမျှ ကမ္ဘာကျော်စည်းရုံးရေးသမားကြီးတစ်ဦးဖြစ်သော မစ္စတာဂျွန်အာမော့သည် ကမ္ဘာကို စတင်လှည့်လည်တိုက်တွန်းခဲ့ပါသည်။ ကမ္ဘာလှည့်ခရီးစဉ်လေးကြိမ်တိုင်ရှိခဲ့ သည်ဟု ဆိုပါသည်။ ခရစ်ယာန်အသင်းတော်များ၊ အဖွဲ့အစည်းများ ညီညွတ်နိုင်ရေးအတွက် စည်းရုံးခဲ့လေ သည်။ တတိယအကြိမ် ကမ္ဘာလှည့်ခရီးစဉ်ကို ၁၉၁၂-၁၃ ခုနှစ်၌ ဆောင်ရွက်ခဲ့သည်။ ထိုစဉ်ခရီးစဉ်တွင် တာဝန် နှစ်ရပ်ပါလာပါသည်။ ယင်းတို့မှာ-
(၁) W.S.C.F အထွေထွေအတွင်းရေးမှူးအဖြစ်ဖြင့် နိုင်ငံတိုင်းတွင် S.C.M များ စည်းရုံးဖွဲ့စည်းရန်။
(၂) အီဒင်ဘာရာနောက်ဆက်တွဲ ကော်မတီဥက္ကဌတာဝန်ဖြင့် ဒေသဆိုင်ရာ သာသနာပြုကောင်စီများ ဖွဲ့စည်းရန် တို့ပင်ဖြစ်ပါသည်။

၁၉၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ရောက်ရှိ၍ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်နိုင်ငံတို့ ပါဝင်သော အမျိုးသားသာသနာပြုကောင်စီ (National Missionary Council) ကိုဖွဲ့စည်းပေးခဲ့သည်။ ရန်ကုန်မြို့ကိုမူ ၁၉၁၃ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ရောက်လာသည်ဟု မှတ်တမ်းများ၌ဆိုသည်။ ထိုရောက်ရှိသောနှစ် တွင် ဂျွန်အာမော့၏ တိုက်တွန်းဟောပြောမှုကြောင့် မြန်မာနိုင်ငံ S.C.M ရော၊ Burma Representative Council of Mission ရောနှစ်မျိုးစလုံးဖွဲ့စည်းမိကြသည် ဟုဆိုသည်။ ထိုမှတစ်ဖန် ၁၉၂၁ ခုနှစ် နောက်ပိုင်းတွင် အခေါ်အဝေါ်အပြောင်းအလဲပြုလုပ်ကြသည်ကို တွေ့ရသည်။ ဥပမာ- International Missionary Conference အစား International Missionary Council ဟူ၍လည်းကောင်း၊ Burma Representative Council of Mission အစား Burma Christian Council ဟူ၍လည်းကောင်း ဖြစ်လာသည်ဟု အနီးစပ်ဆုံးမှတ်တမ်းများအရ သိရှိရပါသည်။ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၏ ၁၉၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်းပါရှိပါသည်။ မူလဖွဲ့စည်း စဉ်က အမည်မှာ မြန်မာနိုင်ငံသာသနာပြုအဖွဲ့များကို ကိုယ်စားပြုသော ကောင်စီ (Burma Representative Council of Missions) ဟူ၍ ဖြစ်ပါသည်။

၁၉၂၁ ခုနှစ် မတိုင်မီအချိန်ကာလများတွင် ကမ္ဘာအနှံ့အပြား ခရစ်ယာန်သာသနာလုပ်ငန်းကို တိုင်း တစ်ပါးမှလာသော သာသနာပြုများက ဦးစီးလုပ်ကိုင်ခြင်း၊ ရှေ့ဆောင်လမ်းပြသွန်သင်ပေးကြခြင်းများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရပေသည်။ ၁၉၂၁ ခုနှစ်၏နောက်ပိုင်းတွင် သာသနာပြုများလက်မှ နိုင်ငံသားခရစ် ယာန်များလက်သို့ သာသနာ့တာဝန်များကို တဖြည်းဖြည်းလွှဲအပ်ပေးရန်သဘောတရားများ ဆွေးနွေးရရှိလာ ကြောင်းတွေ့ရပါသည်။ ဥပမာအနေဖြင့် ပြရသော် ၁၉၁၅ ခုနှစ် “ တိုင်းရင်းသားအသင်းတော်နှင့် ခေါင်းဆောင် မှုကော်မတီ၏ အစီရင်ခံစာတွင် … ” ဤကော်မတီအနေဖြင့် အရေးအကြီးဆုံးတာဝန်အဖြစ် ကြိုးစားဆောင်ရွက် ရသောကိစ္စမှာ အနောက်တိုင်းခရစ်ယာန်သသနာ၏အကွဲအပြဲများကို မြန်မာနိုင်ငံတိုင်းရင်းသား အသင်းတော် များသို့ လက်ဆင့်မကမ်းရေးပင်ဖြစ်သည်။ အနာဂတ်တွင် အသင်းတော်များစည်းလုံးမှုကိုသာ အာရုံပြုသည်။ ထို့ကြောင့် အောက်ပါအတိုင်း ထောက်ခံတင်ပြခဲ့ပါသည်။

(၁) အသင်းတော်များ စည်းလုံးညီညွတ်ရေးအတွက်ဆွေးနွေး၍ နည်းလမ်းများရှာကြံရန် သာသနာပြုအဖွဲ့ များသို့ တင်ပြလိုက်သည်။
(၂) အသင်းတော်များ စည်းလုံးညီညွတ်ရေးအတွက် အလေးအနက်ထားဆုတောင်းကြရန်နှင့် အကျယ် တဝင့်စဉ်းစားစေလိုကြောင်းကို သာသနာပြုဆရာများက သက်ဆိုင်ရာ ပရိသတ်များသို့ ပန်ကြားရန် တိုက်တွန်းလိုက်သည်ဟု ပါရှိပါသည်။

 

ဤကိစ္စကိုပင် ၁၉၂၁ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာ၌ အောက်ပါအတိုင်း ဖော်ပြထားကြောင်း တွေ့ရသည်။
“သာသနာပြုနယ်မြေနှင့်ခရစ်ယာန်အသင်းတော်ကော်မတီ” အစီရင်ခံစာ၌ မြန်မာပြည် ခရစ်ယာန်သာသနာအကြောင်း စဉ်းစားရာတွင် အသင်းတော်သည် မည်မျှအထိအခြေခိုင်သနည်း၊ သာသနာပြုများ၏ အခန်း
ကဏ္ဍသည် တိုင်းရင်းသားများအပေါ်ကြီးစိုးနေဆဲဖြစ်သလော ကျွန်ုပ်တို့ဖြစ်လိုသည်မှာ ကျွန်ုပ်တို့၏ ကဏ္ဍများ မှေးမှိန်သွားပြီး တိုင်းရင်းသားအသင်းတော်များခိုင်ခိုင်မြဲမြဲ ကြီးထွားစေလိုသည်။ အဖြေတိတိကျကျရနိုင်ရန်
အတွက် နောက်ထပ်မေးခွန်းနှစ်ခုကို ဆက်၍ဖြေရမည်။

ထိုမေးခွန်းများမှာ-
(၁) အသင်းတော်၏ အခြေခံစည်းမျဉ်းများသည် တိုင်းရင်းသားလူမျိုးများအပေါ် လုံးဝလွတ်လပ်မှုကို ပေးပါ၏လော ?
(၂) တိုင်းရင်းသားအသင်းတော်တို့အား ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်အားကိုယ်ကိုးရန် တာဝန်များပေးအပ် ပါ၏လော ? ဟူ၍ဖြစ်သည်။

 

မခသက ဆိုသည်မှာ


မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများတို့သည် မိတ်သဟာရဖွဲ့ပြီး ခရစ်ယာန် သာသနာလုပ်ငန်းဆိုင်ရာ ကိစ္စများတွင် စုစည်းညှိနှိုင်း လက်တွဲဆောင်ရွက်ရန်အတွက် The Burma Representative Council of Missions ကို ၁၉၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ထို့နောက်တွင် အပြန်အလှန် မိတ်သဟာရဖွဲ့၍ စုစည်းညှိနှိုင်းလက်တွဲဆောင်ရွက်ရေးအဆင့်မှနေ၍ မြန်မာနိုင်ငံရှိ ခရစ်ယာန်အသင်းတော် သာသနာ့အဖွဲ့အစည်းများအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေး ရည်ရွယ်ချက်ထား၍ Christian Council in Burma အဖြစ် ၁၉၂၃ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး နောက်တွင် ပြောင်းလဲလာသော နိုင်ငံအခြေအနေပေါ်မူတည်၍ (၁၆)ရက်နေ့မှ (၁၉) ရက်နေ့ အထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ  “Burma Christian Council” ကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ “Burma Council of Churches (BCC)” အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး၊ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ မေလ(၁၄)ရက်နေ့၊ မေမြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၏ နှစ်ပတ်လည် အစည်းအဝေးကြီးတွင် အတည်ပြုပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီသည် အသင်းတော်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး၊ အသင်းတော် ကွဲပြားရန်မဟုတ်ဘဲ၊ ဂိုဏ်းဂနအချင်းချင်းနားလည်မှုရှိခြင်း၊ အပြန်အလှန် အသိအမှတ်ပြုခြင်းနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ဖြင့် နာမတော်ကို အတူတကွ ဝန်ခံမှုကိုမြှင့်တင်ပေးရန်အတွက် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီသည် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရမည့် သာသနာ့တာဝန်နှင့် လုပ်ငန်းကဏ္ဍများရှိကြောင်း ယုံကြည်ရမည်ဖြစ်သည်။

 

ရူပါရုံ


ဘုရားသခင်၏ သာသနာတော်မြတ်တည်း ဟူသော မြန်မာနိုင်ငံရှိ အသင်းတော်များ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ လူသားတစ်ရပ်လုံး ညီညွှတ် ခြင်းနှင့် တလောကလုံး ပြည့်စုံကြွယ်ဝသော အသက်တာအတွက် မြန်မာ့ရေခံ မြေခံနှင့်လျော်ညီစွာ အသင်းတော်များအားလုံး စုစည်းလက်တွဲ၍ အစေခံ ဝန်ထမ်းရန်။

 

ရပ်တည်လုပ်ဆောင်မှု


မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီသည် မြန်မာနိုင်ငံရှိ ခရစ်ယာန် အသင်းတော်များကို အခြေခံ၍ ဖွဲ့စည်းထားသော ဂိုဏ်းပေါင်းစုံသာသနာ့ အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီသည် မြန်မာနိုင်ငံတွင်ရှိသော အသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများ အားလုံး စည်းလုံးညီညွတ်၍ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ ဝိညာဉ်သဘောပြည့်ဝခြင်း၊ ဘက်စုံသာသနာ့လုပ်ငန်း ဖေါ်ထုတ်လုပ်ဆောင်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ငြိမ်းချမ်းရေး၊ တရားမျှတခြင်း၊ လူ့ဂုဏ်သိက္ခာမြှင့်တင်ခြင်း၊ ကျား/မရေးရာ တန်းတူညီမျှခြင်း၊ အစေခံဝန်ထမ်းခြင်း၊ သက်သေခံခြင်းနှင့် ဘာသာပေါင်းစုံ ချစ်ခင် လက်တွဲ လုပ်ဆောင်ခြင်းတို့ကို ဦးတည်လုပ်ဆောင်မည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် များကို ယုံကြည်ခြင်းနှင့် ကျင့်သုံးမှု အပြန်အလှန် အသိအမှတ်ပြုခြင်း၊ လုပ်ဆောင် နိုင်သောစွမ်းအား ပြည့်ဝစေခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပမှ အရင်းအမြစ်များ ဝေမျှဖလှယ်ခြင်း၊ မိတ်ဖက်လုပ်ဆောင်ခြင်း၊  ညှိနှိုင်းစုစည်း လက်တွဲ လုပ်ဆောင်ခြင်းများဖြင့် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ရည်ရွယ်ချက်


မခသကတွင် အောက်ဖေါ်ပြပါ ချမှတ်ထားသည့် တိကျသော ရည်ရွယ်ချက်များ ရှိပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ခရစ်ယာန်အသင်းတော်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဟုဆိုရာ၌ သင်းတော်များတို့သည်-
(က) မြန်မာနိုင်ငံရှိ ခရစ်ယာန်အသင်းတော်များအားလုံး တစ်လုံးတစ်ဝတည်း ဖြစ်ရေးအတွက် ဦးဆောင်လမ်းညွှန် အားထုတ်လုပ်ဆောင်ရန်။
(ခ) အသင်းတော်များသည် ခရစ်ယာန်ယုံကြည်ချက်နှင့် ကျင့်သုံးမှုဆိုင်ရာ ကိစ္စများတွင် အပြန်အလှန်နားလည် အသိအမှတ်ပြုရေးနှင့် မျက်မြင်ရသော စည်းလုံးညီညွတ်ရေးအတွက် အားပေးကူညီရန်။
(ဂ) အသင်းတော်များသည် ရှင်လုကာ၄:၁၉(ဟေရှာယ ၆၁:၁-၃) ကျမ်းစာပါ နာဇရက်ကြေညာချက်နှင့်အညီ ဥဿုံသာသနာလုပ်ငန်းများအတွက် အားပေးကူညီဆောင်ရွက်ရန်။
(ဃ) နိုင်ငံတော်အစိုးရနှင့် ဆက်နွယ်သည့် ခရစ်ယာန်ဘာသာသာသနာဆိုင်ရာ ကိစ္စများတွင် အသင်းတော်၏ ယုံကြည်ခြင်း၊ ကျင့်သုံးမှုနှင့် အစဉ်အလာများအရ အသင်းတော်များ၏ ကိုယ်စားရပ်တည်လုပ်ဆောင်ရန်။

၂၀၁၇-၂၀၁၉အတွင်းမခသက၏ လုပ်ဆောင်မှု အဓိကနယ်ပယ် (၆)ခုမှာ-

(၁) ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊
(၂) သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးခြင်းဆိုင်ရာ ကြိုတင်စီမံခြင်းနှင့် လူမှုဝန်းကျင်ကြံ့ခိုင်ရေး၊
(၃) တစ်လုံးတစ်ဝတည်းဖြစ်ရေး ဓမ္မပညာ မြှင့်တင်ခြင်း၊
(၄) လတ်တလော လူမှု-နိုင်ငံရေးပြောင်းလဲမှုများနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား လက်တွဲညီညီ အလေးထား တုန့်ပြန်ခြင်း၊
(၅) နိုးကြားသော နိုင်ငံသားကောင်းပေါ်ထွန်းရေး၊
(၆) ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု လျှော့ချရေးနှင့် အမျိုးသမီးများအား အကာအကွယ်ပေးခြင်း၊ အခွင့်အရေးမြှင့်တင်ပေးခြင်း၊