MCC

မြန်မာနိုင်ငံခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဓမ္မသိပ္ပံစာကြည့်တိုက်

၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မသိပ္ပံစာကြည့်တိုက်ကို ဆရာမကြီး ဒေါ်လှိုင်လှိုင်ချို (၂၀၀၁) ရန်ကုန်စီးပွားရေး တက္ကသိုလ်စာကြည့်တိုက်မှူး ( အငြိမ်းစား) သည် စာကြည့်တိုက်နည်းပညာဖြင့် စနစ်တကျစတင် ဆောင်ရွက်ခဲ့သည်။

စာကြည့်တိုက်၏ရည်ရွယ်ချက်မှာ မခသက ဝန်ထမ်းများ၊ မခသကနှင့် ဆက်နွယ်လျက်ရှိသော အသင်းတော်များ၊ အဖွဲ့အစည်းများ၊ ဓမ္မပညာကောလိပ်/ တက္ကသိုလ်များတွင် ပညာဆည်းပူးလျက်ရှိသူများနှင့် အခြားစိတ်ဝင်စားသူများကို စုဆောင်းထားရှိရန်ဖြစ်ပါသည်။ အထူးသဖြင့် တစ်လုံးတစ်ဝတည်းဖြစ်ရေး လှုပ်ရှားမှုဆိုင်ရာစာအုပ်များ၊ စာရွက်စာတန်းများ၊ ဂိုဏ်းဂဏများ၏ယုံကြည်ကျင့်သုံးမှုများ၊ အသင်းတော်သမိုင်းများ၊ သာသနာပြူသမိုင်းများကို လေ့လာနိုင်ရန်ဖြစ်ပါသည်။

ဘာသာရေး စာအုပ်များအနေဖြင့် သမ္မာကျမ်းစာအုပ်များ၊ အနက်ဖွင့်ကျမ်းများ၊ သီသြလော်ဂျီများ၊ တရားဟောချက်များ၊ ခရစ်ယာန်သာသနာ၊ ဘုရားသခင်များ၊ ဝတ်ပြုခြင်း၊ ခရစ်ယာန်လူမှုရေး၊ ခရစ်ယာန်ကျင့်ဝတ်၊ ဘာသာတရားများဆက်နွယ်မှု၊ သင်းအုပ်လုပ်ငန်း၊ ယုံကြည်ခြင်းနှင့်ကျင့်သုံးမှု၊ ခရစ်ယာန်ဓမ္မပညာ၊ အသင်းတော်များသမိုင်း၊ အခြားဘာသာကြီးများ စသည်တို့ကိုဖတ်ရှုနိုင်ပါသည်။

အခြားသော ပညာရပ်များအနေဖြင့် စိတ်ပညာ၊ အတွေးအခေါ်၊ လူမှုရေး၊ သိပ္ပံပညာ၊ စာပေ၊ ကမ္ဘာ/မြန်မာ သမိုင်းကြောင်းများ၊ အတ္ထုပ္ပတ္တိ များကိုလည်း ရယူဖတ်ရှုနိုင်ပါသည်။ ခေတ်နှင့်မျက်ခြေမပြတ်စေရန် နေ့စဉ်ထုတ်သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်တို့ကိုလည်းဝယ်ယူထားရှိပါသည်။ ယခုအခါတွင် အင်္ဂလိပ်စာအုပ် ၈၁၀၀ အုပ်ခန့်နှင့် မြန်မာစာအုပ် ၁၄၀၀ အုပ်ခန့်၊ စုစုပေါင်း ၉၅၀၀ အုပ်ခန့်ရှိပါသည်။မဂ္ဂဇင်းအနေဖြင့် အင်္ဂလိပ်/မြန်မာ စုစုပေါင်း ခေါင်းစဉ် ၂၀၀ ကျော်ခန့်ရှိသော်လည်း အများစုမှာ မျက်မှောက်ခေတ်ထုတ်များ မဟုတ်တော့ပါ။ ပုံမှန်မဟုတ်သော်လည်း စာဖတ်သူများလိုအပ်ချက်နှင့် ကိုက်ညီသော ဆောင်းပါးပါဝင်သည့် မဂ္ဂဇင်းအချို့ကို ဝယ်ယူပါသည်။

စင်ဖွင့်စနစ်ဖြစ်သောကြောင့် စာဖတ်သူများ မိမိဖတ်လိုသည်များကို ကိုယ်တိုင်ဝင်ရောက် ရှာဖွေနိုင်သည်။ စင်ပေါ်တွင် မျိုးတူစနစ်အရ ကိန်းဂဏာန်းကို ငယ်စဉ်ကြီးလိုက် စီထားသောကြောင့် မိမိရှာနေသောပညာရပ်နှင့် ဆက်နွယ်နေသော စာအုပ်များကို စင်ပေါ်တွင် အလွယ်တကူတွေ့နိုင်သည်။ ကတ်တလောက်ဘီဒိုများရှိ ကတ်တလောက်ကဒ်များအားဖြင့်လည်း စင်ပေါ်တွင် ရှာဖွေရာတွင် အချိန်တို အတွင်း ပိုမိုအလွယ်တကူ ရှာတွေ့စေရန်စီစဉ်ထားရှိပါသည်။ စာကြည့်ုတိုက် တာဝန်ရှိသူထံလည်း မေးမြန်းနိုင်သည်။ ကွန်ပျုတာဖြင့် စာအုပ်ရှာဖွေရန် စနစ်ကိုလည်း ဆောက်ရွက်ရန် လျာထားသည်။ ငှားရမ်းနိုင်သောစာအုပ်များ နှင့်စာကြည့်တိုက် အတွင်းတွင်သာ ဖတ်ရသောစာအုပ်များ ဟူ၍ခွဲခြားထားသည်။ စာ-နယ်-ဇင်း အဟောင်းများကိုလည်း ငှားရမ်းသည်။ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများ၊ ကျောင်းသူ/သားများ၊ ကျမ်းစာကျောင်း တတ်ရောက်နေသူများ၊ အခြား စိတ်ဝင်စားသူများ စာကြည့်တိုက်ကို အသုံးပြုနိုင်ပါသည်။ ကျမ်းစာ ကျောင်းတတ်ရောက်သူများအနေနှင့် မိမိတို့၏ သက်ဆိုင်ရာကျောင်းသား/သူကဒ်ဖြင့် တစ်ကြိမ်လျှင် ၃အုပ်ဖြင့် တစ်ပတ်ငှားရမ်းနိုင်ပါသည်။

စာကြည့်တိုက်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် 9:30 နာရီမှာ ညနေ 4:00 နာရီအတွင်း အသုံးပြုနိုင်ပါသည်။ အစိုးရရုံးပိတ်ရက်များနှင့် ဒီဇင်ဘာခရစ်စမတ် ရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်ပါသည်။ တည်နေရာမှာ အမှတ် (601) ပြည်လမ်း၊ ကမာရွက်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ရိပ်သာတွင် ဖြစ်ပါသည်။