မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ (MCC) မှ မြန်မာနိုင်ငံလီဆူဓမ္မတက္ကသိုလ် (LITSOM) တွင် Ecumenism အထူးသင်တန်းပို့ချခြင်း
ပြင်ဦးလွင် — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်မှ (၉) ရက်နေ့အထိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ (MCC)၊ သာသနာပြုရေးနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ရေး ဌာန၏ အမူဆောင်အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာဦးဗန်လားချွားငါ သည် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံလီဆူဓမ္မတက္ကသိုလ် (LITSOM) တွင် B.Th. နောက်ဆုံးနှစ်ကျောင်းသား/သူ (၂၅) ဦးအတွက် Ecumenism ဆိုင်ရာ ရက်တိုအထူးသင်တန်းကို အောင်မြင်စွာ ပို့ချပေးခဲ့ပါသည်။
သင်တန်း၏ လက်တွေ့သင်ယူမှုအစီအစဉ် တစ်ရပ်အနေဖြင့် “ မတူကွဲပြားသော ခရစ်ယာန်ဓလေ့ထုံးတမ်းများမှ လေ့လာခြင်း” (Ecumenical Study Visit: Learning from Different Christian Tradition) ခေါင်းစဉ်ဖြင့် ပြင်ဦးလွင်မြို့ရှိ All Saints Anglican Church နှင့် Methodist Church (Upper Myanmar) တို့သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ဤကဲ့သို့ ကွင်းဆင်းလေ့လာခွင့်ရရှိခြင်းသည် ကျောင်းသား/သူများအတွက် ခရစ်ယာန်များတစ်လုံးတစ်၀တည်းဖြစ်ရေးကို လက်တွေ့နယ်ပယ်တွင် နားလည်သဘောပေါက်စေရန် များစွာ အထောက်အကူပြုစေခဲ့ပါသည်။
ဤသင်တန်းသည် ကျောင်းသား/သူများအနေဖြင့် နောင်လာမည့်ကာလများတွင် ခရစ်ယာန်များတစ်လုံးတစ်၀တည်းဖြစ်ရေးကို ဦးဆောင်ဖော်ဆောင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်နှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အသင်းတော်များအကြား သဟဇာတဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိရောက်စွာ အစေခံထမ်းဆောင်နိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။
ဤသင်တန်း အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင်မြင်ရေးအတွက် လှိုက်လှဲစွာ ကြိုဆိုကူညီပေးခဲ့ကြသော LITSOM ကျောင်းအုပ်ဆရာမကြီး Dr. Hsi Yah Dah နှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံးကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။