MCC

တစ်လုံးတစ်ဝတည်းဖြစ်ရေး တနင်္ဂနွေနေ့ (Ecumenical Sunday/MCC Sunday)

တစ်လုံးတစ်ဝတည်းဖြစ်ရေး တနင်္ဂနွေနေ့ (Ecumenical Sunday/MCC Sunday)

၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၏ သက်တမ်း (၁၀၈) နှစ်ပြည့် ဖြစ်ပါသည်။ ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့သော (၈၇) ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး၌ တစ်လုံးတစ်ဝတည်းဖြစ်ရေး တနင်္ဂနွေနေ့ (Ecumenical Sunday/ MCC Sunday) ကို နှစ်စဉ် ပထမဆုံးလဖြစ်သော ဇန်နဝါရီလ၏ တတိယအပတ် တနင်္ဂနွေနေ့တွင် ပြုလုပ်ကျင်းပရန် အားလုံးသဘောတူညီချက် သတ်မှတ်ခဲ့ကြပါသည်။ ထိုကြောင့်လည်း ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်တွင် ထာဝရဘုရားသခင်၏ ကျေးဇူးတော်မြတ်ကြောင့် တစ်လုံးတစ်ဝတည်းဖြစ်ရေး တနင်္ဂနွေနေ့ (Ecumenical Sunday/ MCC Sunday) ကို ပဉ္စမအကြိမ်အဖြစ် အဖွဲ့ဝင်များမှ တိုးမြှင့် ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။

ထိုနည်းတူ အဆိုပါနေ့ရက်တွင် အသုံးပြုနိုင်ရန်အတွက် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ခေါင်းစဉ်ဖြင့် သမ္မာကျမ်းစာလေ့လာခြင်းနှင့် တရားဟောချက်များပါဝင်သော လက်ကမ်းစာအုပ်ငယ် ကို ကျင်းပရေးနှိုးဆော်စာနှင့်အတူ ကြိုတင် ပေးပို့ခဲ့ပါသည်။

၂၀၀၉ ခုနှစ်မှစ၍ တစ်လုံးတစ်ဝတည်းတနင်္ဂနွေ (MCC Sunday ) ကို ကျင်းပပြုလုပ်သော အသင်းတော်များ ပိုမိုတိုးပွားလာပြီဖြစ်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

၂၀၂၃ ခုနှစ်တွင် ပြည်ခရစ်ယာန်အသင်းတော်များကောင်စီ၊ ဘားအံခရစ်ယာန် အသင်း တော်များကောင်စီ၊ မရာဧဝံဂေလိအသင်းတော်၊ ကယ်တင်ခြင်းတပ်အသင်းတော်၊ ရှင်ဂါဗြေလ အသင်းတော် (ကွန်ဂရီဂေးရှင်းနယ်လ်)၊ တွံတေးလူမျိုးပေါင်းစုံနှစ်ခြင်းအသင်းတော်၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်မိတ်သဟာယများသို့ မခသကမှ အမှုဆောင်ဝန်ထမ်းများ တိုက်ရိုက် သွားရောက် ပါဝင်နိုင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တစ်လုံးတစ်ဝတည်း တနင်္ဂနွေနေ့ (MCC Sunday) ကို ကျင်းပခဲ့သည့်ပုံရိပ်အချို့နှင့်အတူ ၂၀၁၈ ခုနှစ် သင်းလုံးကျွတ်အစည်းအဝေးတွင် တင်သွင်းခဲ့သော မခသက အဖွဲ့ဝင်အသင်းတော်များတွင်  တစ်လုံးတစ်ဝတည်းဖြစ်ရေး တနင်္ဂနွေနေ့ (MCC Sunday) ကို  နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကျင့်သုံးခြင်းအတွက် သိမြင်နားလည်ခံယူချက် မှတ်စု (Concept Note) ကိုလည်း ဆက်လက်တင်ပြလိုက်ရပါသည်။

 

—- ။ —–

မခသက အဖွဲ့ဝင်အသင်းတော်များတွင်  တစ်လုံးတစ်ဝတည်းဖြစ်ရေး တနင်္ဂနွေနေ့ (MCC Sunday) ကို  နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကျင့်သုံးခြင်းအတွက် သိမြင်နားလည်ခံယူချက်မှတ်စု

 

၁။ သမိုင်းနောက်ခံရှုထောင့် (Historical Perspective)

ယခုတွင် မခသက သည် အဖွဲ့ဝင်အသင်းတော်ကြီး (၁၃) ပါး ၊ ပူးပေါင်း ဆက်သွယ်သော အဖွဲ့ (၁၄) ပါး၊ ဒေသန္တရ အသင်းတော်များကောင်စီများ (၄၉) ပါး နှင့် လက်တွဲလုပ်ဆောင် ရပ်တည်လျှက်ရှိသည့်အပြင် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM)၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ် (MECA) ၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် (MCMC) နှင့် အခြားအဖွဲ့ဝင်မဟုတ်သော အသင်းတော်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများစွာရှိပြီး၊ နိုင်ငံတကာ မှ မိတ်ဖက် သာသနာ အဖွဲ့အစည်း များနှင့်လည်း လက်တွဲလုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ  ရပ်တည်ရှင်သန်ခြင်းနှင့်  မိတ်သဟာယ ဖြစ်တည်လျှက် ရှိပါသည်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံများစွာနှင့် တစ်လုံးတစ်ဝတည်းဖြစ်ရေး လုပ်ငန်းများ ထိတွေ့သိကျွမ်းလုပ်ဆောင်ပြီး ဖြစ်ပါသည်။

သို့သော် ၂၀၁၈ ခုနှစ်တိုင်အောင် မခသက ၏ ကိုယ်ပိုင်နေ့ထူးနေ့မြတ် တစ်ရက် သတ်မှတ် ကျင့်သုံးခြင်း မရှိခဲ့သေးပါ။ နှစ်ပေါင်း (၁၀၀) ကျော် ရှင်သန်သည့် အဖွဲ့ကြီးအတွက် နေ့ရက်တစ်ရက် သတ်မှတ်ကျင့်သုံးခြင်းလည်း ရှိသင့်သည်မှာ  ကြာပြီ ဖြစ်ပါသည်။ ထို့အပြင် မခသက ၏ အနာဂတ်ခိုင်မာစေရေးအတွက်လည်း MCC Sunday သတ်မှတ်ကျင့်သုံးခြင်းမှာ မနှေးအမြန် လိုအပ်လျှက် ရှိပါသည်။

ထို့အပြင် OIKOUMENE စာသား၊ လှိုင်းနှင့်လှေ ရုပ်ပုံပါ တစ်လုံးတစ်ဝတည်းဖြစ်ရေး သာသနာတော် အမှတ်တံဆိပ်မှာလည်း မခသက အဖွဲ့ဝင်အသင်းတော်အသီးသီးတွင် မှတ်တမ်းတင်၊ အလေးထား၊ သိရှိ သုံးစွဲမှု အလွန်နည်းပါးနေသည်မှာလည်း ပေါ်လွင်ထင်ရှားလျှက်ရှိပါသည်။ ထို့ကြောင့် မသခက အဖွဲ့ဝင်အသင်း တော်များမှ MCC Sunday နေ့ထူး၊ ရက်မြတ် တစ်ရက်သတ်မှတ်ကျင့်သုံးခြင်းကို မနှေးအမြန် အလေးထား ဆောင်ရွက်ရပါတော့မည်။ မခသက၏ အမှတ်တံဆိပ်ဖြစ်သော လှိုင်းနှင့်လှေသည် တစ်လုံးတစ်ဝတည်းဖြစ်ရေး ဘက်တော်သား အားလုံး လိုအပ်သလို ဆီလျော်စွာ အသုံးပြုရန်အတွက် ဖြစ်ပါသည်။ မခသကရုံးအဖွဲ့ ကိုယ်ပိုင် သီးသန့်သုံးရန်သာ မဟုတ်ပါ။

 

၂။ သမ္မာကျမ်းစာရှုထောင့် (Biblical Perspective)

သမ္မာကျမ်းမှ ဖော်ပြချက်တွင် ခမည်းတော်ထံသို့ ကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏ အပြင်း အထန် ဆုတောင်းချက် (၂) ချက်ရှိပါသည်။

ဆုတောင်းချက် (၁)  – ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းငှါ ဆုတောင်းပါ၏ (ယော ၁၇:၂၁)

ဆုတောင်းချက် (၂)      – ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ (ယော ၂၂:၄၂) ဟူ၍ ဖြစ်ပါသည်။

ဆက်လက်၍ ယှဉ်တွဲဖေါ်ပြရပါလျှင်           ကားတိုင်ပေါ်မှ သခင်မြွက်ကြားသော စကားကြီး (၇) ခွန်း အနက်

“ အို..အဘ၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်သနည်း။”

“ ဤအမှုပြီးပြီ” ဟူသော စကားတော်ကြီး (၂) ခွန်းအရ ဆုတောင်းချက် (၂) သည် ပြီးပြည့်စုံခဲ့ပါပြီ။ သို့သော် ဆုတောင်းချက် (၁) မှာ ယနေ့တိုင် တောင်းခံဆဲဖြစ်ပြီး သခင့်အလိုတော်သည် ပြည့်စုံပြီးဆုံးခြင်း မရှိသေးပါ။ ထို့ကြောင့် မခသက သည် သခင်ခရစ်တော်၏ ထိုဆုတောင်းချက်အတွက် နှစ်ပေါင်း (၁၀၀) ကျော် သာသနာမှသည် ရှေ့သို့  ဆက်လက် ချီတက်ရမည်ဖြစ်သည်။ ထိုတစ်လုံးတစ်ဝတည်းဖြစ်ရေးဆုတောင်းချက် ပြည့်ဝရေးသည်လည်း ယုံကြည်သူ သား၊ သမီးတိုင်း၏ မွေးရာပါ သမိုင်းပေးတာဝန်ဖြစ်သည်ဟု ခံယူသဘော ထား ကြရပါမည်။ ကယ်တင်ခြင်းသတင်းကောင်း ဝေမျှခြင်းတစ်ခုသာ အဓိကတာဝန်ဟု သဘောမထားရန် လိုအပ်ပါသည်။ (၁ကော ၁၃:၁၃) တွင် ဖော်ပြထားသည်မှာ “ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤ (၃) ပါးတည်လျှက်ရှိ၏။ ဤ (၃) ပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း” ဟူသည့် အတိုင်း  ချစ်ခြင်းမေတ္တာဖြင့် တစ်လုံးတစ်ဝတည်းဖြစ်ရေး ကြိုးပမ်းအားထုတ်ခြင်းသည် အမြတ်ဆုံးဖြစ်သည် ကို သတိပြုကြရပေမည်။

 

၃။ အဖွဲ့အစည်းရေရှည်တည်တံ့ဖွံ့ဖြိုးမှုရှုထောင့် (Organization Sustainability)

မခသက သည် အဖွဲ့ဝင်အသင်းတော်ကြီး (၁၃) ပါးနှင့် ဖွဲ့စည်းထားသော်လည်း နှစ်ပေါင်း (၁၀၀) ကျော်သည့် တိုင်‌အောင် (One World, One Hope, One Church) တစ်ခုတည်းသော ကမ္ဘာ၊ တစ်ခုတည်းသော မျှော်လင့်ချက်၊ တစ်ခုတည်းသော အသင်းတော်ဟူသော နိုင်ငံတကာရှိ အသင်းတော်များ၏ ခံယူနှိုးဆော်ချက်နှင့်အတူ ပြည်ပမှ မိတ်ဖက်အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့်သာ အဓိက ရပ်တည်လုပ်ဆောင် နေခဲ့ပါသည်။

ပြည်တွင်းရှိ အဖွဲ့ဝင်အသင်းတော်များ ပံ့ပိုးမှု အင်အားကို အဓိကထား၍ လုပ်ဆောင်ကျင့်သုံးခြင်းမရှိ သေးပါ။ အကယ်စင်စစ် အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးရေးအတွက် လက်တစ်ကမ်းရှိ ပြည်တွင်း အင်အားကို အဓိက အခြေခံမထားခြင်းမှာ အဖွဲ့၏ အနာဂတ်အတွက် အလွန်အန္တရာယ်ကြီးမားလှကြောင်းကို အဖွဲ့အစည်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး သုတေသီ၊ ပညာရှင်များက အခိုင်အမာဆိုထားပြန်ပါသည်။ နိုင်ငံ ရေးအခြေအနေအရ ပြည်ပမှ ပံ့ပိုးထားမှုများသည် ရေရှည်စီမံကိန်းလုပ်ငန်းများအတွက် နည်းအမျိုးမျိုးဖြင့် သွေဖီလွဲချော်တတ်ကြပါသည်။ ပြည်ပပံ့ပိုးမှုများသည် ပုံသေရေရှည်တည်တံ့နေမည်ဟု  မယူဆထားသင့်ပါ။

 

၄။ လူမှုဖူလုံရေးအလေးထားခြင်းရှုထောင့် (Welfare Perspective)

            အဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်များ၏ ခိုင်မာသော ရပ်တည်ပံ့ပိုးမှု၊ စဉ်ဆက်မပြတ် တခဲနက် ထောက်ခံအားပေးမှု ပီပြင်သောလုပ်ရပ် တစ်စုံတစ်ရာမရှိလျှင် ထိုအဖွဲ့အစည်းသည် မည်သို့ပင် သက်တမ်းရင့် စေကာမူ အတွင်းဓါတ်ခံအားချိနဲ့ အားနည်းသောအဖွဲ့ဖြစ်သည်။ ထိုအားနည်းချက်ကြောင့် ထိုအဖွဲ့တွင် တာဝန်ထမ်းဆောင်ရသော သူများအတွက် ခေတ်ကာလနှင့်အညီ ယုတ္တိတန် လုံလောက်သော ပံ့ပိုးမှု၊ လုပ်ပိုင်ခွင့်များ အချိန်မှီဖြည့်ဆည်းပေးနိုင်ခြင်း မရှိမှုများဖြစ်နေတတ်ပါသည်။ ထိုအခါဝယ် ဝန်ထမ်းများသည် အရာရှိ သော်လည်း လုပ်စရာမရှိ၊ အလှမ်းကျယ်လိုသော်လည်း အလယ်လပ်နေခြင်း၊ နာမည်ကြီးသော်လည်း အစွမ်း မပြနိုင် စသည့် အဖြစ်မျိုးများကြုံ၍ မလိုလားအပ်သော စိတ်ဓါတ်ထိခိုက်နာကျင်မှုမျိုး နှင့် အဖွဲ့အစည်းအား အချိန်မရွေး စွန့်ခွာသွားမှုများကို ခါးသီးစွာ ခံစား ရရှိတတ်ပါသည်။

၅။ ခိုင်လုံသော အကျိုးကြောင်းပြချက်ရှုထောင့် (Concrete and Reasonable Perspective)

Ecumenical/ MCC Sunday သတ်မှတ်ကျင့်သုံးရန်အတွက် အလွန်သင့်တော်သော နေ့ရက်တစ်ရက်ရှိပါသည်။ ထိုနေ့မှာ နှစ်စဉ် ဇန်နဝါရီလ တတိယအပတ် ၊ တနင်္ဂနွေနေ့ဖြစ်ပါသည်။ ထိုနေ့ရက်သည် အလွန်သင့်တော် ဆီလျော်ရခြင်းမှာ –

(၁)       မခသကအဖွဲ့အား ဖြစ်တည်လာရေး သန္ဓေစတင်တည်ပေးခဲ့သူ ကမ္ဘာ့တစ်လုံးတစ်ဝတည်းဖြစ်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သော Dr. John R Mott သည် မြန်မာနိုင်ငံသို့ လာရောက် လှုံဆော်စည်းရုံးဖွဲ့ စည်းသော နှစ်၏ ပထမလ နှင့် တတိယအပတ် နေ့ရက်များ ဖြစ်သောကြောင့်လည်းကောင်း၊

(၂)        နှစ်စဉ် တစ်လုံးတစ်ဝတည်းဖြစ်ရေး၊ ဆုတောင်းရာ ရက်အဌပါတ်အတွင်းရှိ နေ့ရက်တစ်ရက် အဖြစ် ကြိမ်ဖန်များစွာ ကျရောက်ခြင်း။

(၃)       တစ်လုံးတစ်ဝတည်းဖြစ်ရေး လှုံဆော်ရန် ဇန်နဝါရီလသည် နှစ်ဦးပိုင်း၊ နှစ်ဆန်းရက် အခါကောင်းဖြစ် သောကြောင့်လည်းကောင်း၊

(၄)       မခသက အဖွဲ့ဝင်အသင်းတော်များလက်ရှိတွင် သတ်မှတ်ကျင့်သုံးလျှက်ရှိသော နေ့ထူးနေ့မြတ် (တနင်္ဂနွေနေ့) များနှင့် တိုက်ဆိုင်မှု မရှိသလောက်ဖြစ်ခြင်းကြောင့်လည်းကောင်း၊

(၅)       မခသက တွင် ပါဝင်ဆက်ကပ်ခဲ့ကြသော ဝါရင့် သက်ကြွယ်ဆရာကြီးများနှင့် ဆရာမကြီးများမှ သဘောတူချက်၊ အကြံပြုချက်၊ မှာတမ်းဖြစ်ခြင်းကြောင့်လည်းကောင်း စသည့်တို့ကြောင့် ဖြစ်ပါ သည်။

၆။ ၂၀၁၈ အထူးတိုက်တွန်းနှိုးဆော်ချက် (2018- Urgent Announcement)

ထို့ကြောင့် မခသက တစ်လုံးတစ်ဝတည်းဖြစ်ရေးအမှုတော် ရေရှည်တည်တံ့ခိုင်မာရေးအတွက် အဖွဲ့ ဝင်အသင်းတော်များမှ နှစ်စဉ် တစ်ချိန်တည်း၊ တစ်ရက်တည်း မိခင်အဖွဲ့ကြီးအတွက် အဓိကထား၍ အားပေး ပံ့ပိုးနိုင်ရန်မှာ

(က) Ecumenical Sunday / MCC Sunday ဟူသော နေ့ထူးနေ့မြတ်တစ်ရက် သတ်မှတ်ကျင့်သုံးရန်။

(ခ) တစ်လုံးတစ်ဝတည်းဖြစ်ရေးသာသနာတော်အတွက် ထိုနေ့တွင် အလှူတော်ငွေ တစ်ကြိမ် ကောက်ခံ ပေးလှူရန် လိုအပ်ပြီဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။