MCC

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာ ရက်အဌပါတ် ပိတ်ပွဲနှင့် သမိုင်းကြောင်း

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာ ရက်အဌပါတ်ပိတ်ပွဲအစီအစဉ်

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာ ရက်အဌပါတ် ပိတ်ပွဲအစီအစဉ်ကို ၂၅ ရက် ဇန်နဝါရီလ ၂၀၂၃ တွင် သန့်ရှင်းသောတြိနတြီ ကသီဒြယ်ကျောင်းတော်ကြီးတွင် ပြုလုပ်ခဲ့ပါသည်။

 

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာ ရက်အဌပါတ်သမိုင်းအစ

မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် နှစ်စဉ် ဇန်နဝါရီလ (၁၈-၂၅) ရက် ရောက်တိုင်း တကမ္ဘာလုံးရှိ ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ဆုတောင်းပွဲများကို ရက်အဌပါတ် ကျင်းပကြပါသည်။ တနည်းအားဖြင့် ဂိုဏ်းဂဏကွဲပြားလျက်ရှိသော ခရစ်ယာန်များသည် ဆုတောင်းဝတ်ပြုခြင်း၌ တစ်လုံးတစ်ဝ တည်း ညီညွတ်ခြင်းဖြင့် တစ်ဆူတည်းသော ဘုရားသခင်ကို သက်သေခံကြရန်ဖြစ်သည်။ ဤလှုပ်ရှားမှု ပေါ်ထွက်လာမှု သမိုင်းစဉ်သည် ခရစ်ယာန်များ၊ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် သန့်ရှင်းသောဝိညာဉ် တော်၏ လှုပ်ရှားဆောင်ရွက်မှုကို သက်သေခံလျက် ရှိပါသည်။ ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်လာရေး လိုအင်ဆန္ဒကို ရှေးအသင်းတော်များ အာရုံပြုကြကြောင်းကို ရှေးရောမကက်သလစ်အသင်းတော်၊ အရှေ့ အသင်းတော် (ဩသိုဒေါ့အသင်းတော်) နှင့် အင်္ဂလီကန်အသင်းတော်၏ ဆုတောင်းစာအုပ်များတွင် ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ဆုတောင်းချက်များပါရှိကြောင်း တွေ့ရှိခြင်းအားဖြင့် သိရပါသည်။

ဆု​တောင်းချက်မှာ “ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏” ဟု တပည့်တော်များကို မိန့်တော်မူခဲ့သော သခင်ယေရှုခရစ်တော်ဘုရား ကိုယ်တော်ရှင်၏ အသင်းတော်၏ ယုကြည်ခြင်းကို မှတ်တော်မူပါ။ ကျွန်ုပ်တို့၏ အပြစ်များကို ဖြေလွှတ်ဖြေရှင်းတော်မူပါ။ ထာဝရကာလ အသက်ရှင်၍ စိုးစံတော်မူသောအရှင် အလိုတော်နှင့်အညီ ငြိမ်သက်ခြင်းနှင့် တစ်လုံးတစ်ဝတည်းရှိခြင်းကို အသင်းတော်အား ပေးတော်မူပါ။ အာမင်။

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ဆုတောင်းရာရက်အဌပါတ်ကို ကမ္ဘာ့ အသင်းတော် များကောင်စီ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုကော်မတီမှလည်း ဖော်ထုတ်အားပေးခဲ့သည်။ ၁၉၁၃ ခုနှစ် မှစ၍ ဝှစ်တနင်္ဂနွေနေ့ (Whit Sunday) ကို တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ဆုတောင်းရာနေ့အဖြစ် သတ်မှတ်လျက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် တစ်လုံးတစ်ဝတည်း ဖြစ်ရေးအတွက် ဆုတောင်းအစီအစဉ်ပါ လက်စွဲစာအုပ်ကို ထုတ်ဝေပံ့ပိုးခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဝှစ်တနင်္ဂနွေနေ့ ( Whit Sunday) နေ့တွင် အဆုံးသတ်သော ရက်သတ္တပါတ်ကို ခရစ်ယာန်များ တစ်လုံးတစ်ဝ တည်းဖြစ်ရေးအတွက် ဆုတောင်းရာ ရက်သတ္တပါတ်အဖြစ် ဆုံးဖြတ်သတ်မှတ်လျက် ဆောင်ရွက်ခဲ့ရာ ၁၉၄၁ ခုနှစ်အထိ ဖြစ်ပါသည်။

ဘုန်းတော်ကြီး ကော့တူရဲရ်၏ တင်ပြသော ဆုတောင်းချက်၏ နှိုးဆော်မှုနှင့် ဦးတည်ချက်ပြောင်းလဲမှု ကြောင့် ကမ္ဘာ့အသင်းတော်များကောင်စီ၊ ယုံကြည်ခြင်းနှင့်ကျင်သုံးမှုကော်မရှင်က မိမိတို့ဖော်ထုတ်သော ရက်အဌပါတ်ဆုတောင်းပွဲကို ဇန်နဝါရီလ (၁၈-၂၅) ရက် အဌပါတ်သို့ ၁၉၄၁ ခုနှစ်တွင် ပြောင်းရွေ့ ဆောင်ရွက် ခဲ့သည်။ “ ဝိဉာဉ်သဘော၌ တစ်လုံးတစ်ဝတည်းဖြစ်ရေး” သည် အရေးကြီးကြောင်းကို ကမ္ဘာ့အသင်းတော်များ ကောင်စီက သိမြင်ခံယူခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့အားဖြင့် ခရစ်ယာန်ထု တစ်ရပ်လုံး ဂိုဏ်းဂဏမရွေး စည်းလုံးညီညွတ်မှု၏ အနှစ်သာရဖြစ်သော စုပေါင်းဆုတောင်းခြင်းကို အဖခမည်းတော်ထံသို့ တသံတည်း တပြိုင်တည်း တင်လှူနိုင်ကြရန်ဖြစ်ပါသည်။ သို့သော်လည်း ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ရက်အဌပါတ် အစီအစဉ်များ တပြိုင်တည်း၊ တစ်ချိန်တည်းတွင် ဆောင်ရွက်ကြသော်ငြားလည်း ရောမ ကက်သလစ်အသင်းတော် နှင့် ကမ္ဘာ့အသင်းတော်များကောင်စီတို့၏ အစီအစဉ်များသည် သီးခြားဖြစ်သည်။

တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ဆုတောင်းခြင်းသည် ကမ္ဘာပေါ်ရှိ ခရစ်ယာန်တိုင်း ရှိသည့် နေရာမှ အလွယ်တကူ ပါဝင်နိုင်သည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်၌ ပါဝင်ကြသူများအဖို့ စိတ်နှလုံး ပြောင်းလဲခြင်းနှင့် အမြင်ရူပါရုံအသစ်များကို ရရှိစေပြီး တစ်လုံးတစ်ဝတည်းဖြစ်ရေးလှုပ်ရှားမှုအတွက် အင်အားစု ဖြစ်လာစေသည်။

ဤသို့ဖြင့် ခေတ်သစ်ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာ ရက်အဌပါတ် ပေါ်ထွက်လာခဲ့သည်။

 

မြန်မာနိုင်ငံ

၁၉၆၉ ခုနှစ် မှစ၍၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၏ ယုံကြည်ခြင်း နှင့် ကျင့်သုံးမှု ကော်မတီ နှင့် ရောမ ကက်သလစ်အသင်းတော် ၊ ရန်ကုန်သာသနာပိုင်နယ် ပူးပေါင်းလျက် ရန်ကုန်မြို့တော်တွင် တစ်လုံး တစ်ဝတည်း ဖြစ်ရေး ဆုတောင်းရာ ရက်အဌပါတ် အစီအစဉ်များကို ဖော်ထုတ်ဆောင်ရွက်ခဲ့သည်။

၁၉၈၄ ခုနှစ် မှစ၍ ယင်းပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံလုံးအဆင့်သို့ မြှင့်တင်၍ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ နှင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်တို့၏ နိုင်ငံလုံးဆိုင်ရာ ပူးတွဲ ကော်မရှင်အဖြစ် တစ်ဖက် (၁၁) ဦးစီ ပါဝင်ဖွဲ့စည်း၍ ရက်အဌပါတ် ပါဝင်ဆုတောင်းပွဲများအပြင် အသင်းတော် (၂) ဦး အကြား မိတ်သဟာယဖြင့် တည်ဆောက်ခဲ့ကြသည်။ ယခုအခါတွင် ဤပူးတွဲ ကော်မရှင်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလုံးတွင် နှစ်စဉ် ဇန်နဝါရီလ (၁၈-၂၅) ရက်အထိ ဆုတောင်းရာ ရက်အဌပါတ်ပွဲများ ကို ကျင်းပကြပါသည်။

 

တစ်လုံးတစ်ဝတည်း မိတ်သဟာယ၌

သိက္ခာတော်ရဆရာ ပီတာဂျိုးဇက်

 

ကျမ်းကိုးကား

  1. History of Ecumenical Movement Vol. 1. 1577-1948.
  2. History of Ecumenical Movement Vol. 2. 1948 – 1966.
  3. Octave of Prayer for Christian Unity Materials 1995 & 1996.